အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အခါ ရောင်းသူဝယ်သူဘက်က သူတို့လိုချင်တဲ့ဈေးရအောင် အတတ်နိုင်ဆုံးညှိနှိုင်း ကြပါတယ်။ ဒီလိုဈေးညှိနှိုင်းတဲ့အခါ ဝယ်သူဘက်က ရောင်းသူခေါ်တဲ့ ဈေးရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက်ကို လျှော့ပြီး ဈေးဆစ်တာမျိုးတွေ ကြုံရပါတယ်။
ဝယ်သူဘက်က ဘာကြောင့်ဒီလောက်ထိ ဈေးနှိမ်ရတာလဲ? ဘာကြောင့် ကိုယ်ခေါ်တဲ့ ဈေးရဲ့ ထက်ဝက်လောက်ကို ဈေးဆစ်နေရတာလဲ? ဆိုတာကို ဒီ Post မှာ ရှင်းပြပါမယ်။
ဝယ်သူဘက်က ဈေးမတရားနှိမ်ရတဲ့ အကြောင်းအရင်း ၂ ခုရှိနိုင်ပါတယ်။ ပထမအကြောင်းအရင်းကတော့ ရောင်းသူကအလောတကြီး ရောင်းလိုတာကို ဝယ်သူက သတိထားမိတာဖြစ်ပြီး ဒုတိယအကြောင်းအရင်းကတော့ သူ့အမြင်မှာ အိမ်ကတော်တော် ယိုယွင်းနေတယ်ထင်လို့ ဈေးနှိမ်တတ်ကြပါတယ်။
အရောင်းအဝယ်တစ်ခုမှာ ဈေးညှိနှိုင်းတဲ့အခါ တစ်ဘက်သူရဲ့ အခြေအနေကို နားလည်ထားမယ်ဆိုရင် ဒီညှိနှိုင်းမှုမှာ ကိုယ့်ဘက်က အသာစီးရအောင်း ညှိနှိုင်းနိုင်ချေ ပိုများပါတယ်။ ဉပမာ – ကိုယ်က ရောင်းသူဆိုရင် ဝယ်သူက ဘာကြောင့် အိမ်ဝယ်ရတာလဲဆိုတာကို နားလည်ထားမယ်ဆိုရင် ဝယ်သူရဲ့ အခြေအနေပေါ်မူတည်ပြီး မိမိလိုချင်တဲ့ ဈေးရအောင် ညှိနှိုင်းနိုင်ပါတယ်။ ဝယ်သူက အလုပ်ပြောင်းရလို့ ဒီအနီးအနားမှာ အိမ်အမြန်လိုတဲ့ သူလား၊ ဒါမှမဟုတ် ဝယ်သူက သူ့သားသမီး ကျောင်းနဲ့ နီးတဲ့ နေရာကို ရှာတဲ့ သူလား..ဆိုတာတွေကို နားလည်ထားမယ်ဆိုရင် ဝယ်သူက မိမိအိမ်ကို အရမ်းဝယ်ချင်တယ်ဆိုတာကို သတိထားမိပါမယ်။ ဝယ်သူက မိမိအိမ်ကို အရမ်းလိုချင်ပြီဆိုတာ သိရင်တော့ ဈေးညှိတဲ့ အခါ မိမိလိုချင်တဲ့ဈေးရအောင် ညှိနှိုင်းနိုင်ပါတယ်။
ထိုနည်းတူ ရောင်းသူက သူ့အိမ်ကို အမြန်ဆုံး ရောင်းချင်တာကို ဝယ်သူဘက်က ရိပ်မိတယ်ဆိုရင်တော့ ဝယ်သူက သူလိုချင်တဲ့ ဈေးကို ရအောင်ဆစ်နိုင်ပါတယ်။ ဝယ်သူက ရောင်းသူအမြန်ရောင်းချင်တယ် မရောင်းချင်ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ?
ဝယ်သူဘက်ကနေ လေ့လာသုံးသပ်နိုင်တဲ့ အဓိက အပိုင်းကတော့ ဒီအိမ်ရဲ့ ကြော်ငြာကို အကျိုးဆောင်အများကြီးက Facebook Group တိုင်း Website တိုင်းမှာ တွေ့ တယ်ဆိုရင်တော့ သူ့ဘက်က ဒီအိမ်ရှင်က ဒီအိမ်အမြန်ရောင်းထွက်ချင်လို့ အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်ပြီး ရောင်းဖို့ ကြိုးစားနေတယ်လို ကောက်ချက်ချနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိလားမရှိဘူးလားဆိုတာကို သိဖို့ သူ့နေပုံထိုင်ပုံနဲ့ ဝတ်စားပုံကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီတ်ိုင်းဘဲ… ဒီအိမ်တစ်လုံးအရည်အသွေးကောင်းလား မကောင်းလားဆိုတာကို သိဖို့ ဒီအိမ်ရဲ့ အပြင်အဆင်တွေ သန့်ရှင်းမှုတွေကို ကြည့်ပြီး ဆုံးဖြတ်ရပါတယ်။
ဝယ်သူဘက်ကနေကြည့်မယ်ဆိုရင် ဝယ်သူက အိမ်ဝယ်တော့မယ်ဆိုရင် ဒီအိမ်တစ်လုံးထဲကိုဘဲ ကြည့်ပြီး ဒီအိမ်ကို တန်းဝယ်တာမျိုးမရှိပါဘူး။ ဝယ်သူက ဈေးကွက်ထဲမှာရှိတဲ့ အိမ်တွေအများကို ကြည့်တယ်။ ကြည့်ပြီး စကာတင်ရွေးချယ်ထားတဲ့ အိမ်တွေကို လေ့လာသုံးသပ်တယ် ပြီးမှ ဝယ်ဖို့ ဆုံးဖြတ်ပါတယ်။ ဒီလို အိမ်တွေ အများကြီးထဲက ရွေးချယ်ရတဲ့ အတွက် မိမိရောင်းတဲ့ အိမ်က ရှုတ်ပွညစ်ညမ်းနေတယ်ဆိုရင်တော့ ဝယ်သူက ဒီအိမ်ကို ယိုယွင်းနေတယ်လို့ ကောက်ချက်ချပြီး ဈေးနှိမ်နိုင်ပါတယ်။ ထိုနည်းတူ မိမိကြော်ငြာတင်တဲ့ ဓါတ်ပုံတွေထဲမှာ အိမ်က ရှုပ်ပွနေတယ်ဆိုရင် ဝယ်သူက အိမ်ရှင်းရှင်းလင်းနဲ့ ဓါတ်ပုံကောင်းကောင်း အိမ်ကို ပို ကောင်းတဲ့ အိမ်လို သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် မိမိအိမ်ကို ဈေးကွက်ထဲ မထည့်ခင် အိမ်ကို ရှင်းလင်းပြီး အလင်းရောင်ကောင်းတဲ့ ဓါတ်ပုံတွေရိုက်ပြီး ကြော်ငြာတင်မယ်ဆိုရင် မိမိအိမ်က ဈေးကွက်ထဲမှာ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်သူက ဒီအိမ်ကို အိမ်ကောင်း တစ်လုံးလို့ထင်တဲ့ အတွက် ဈေးမတရားနှိမ်တာမျိုးတွေ မဖြစ်တော့ပါဘူး။
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…