Zayyan

🔵 အိမ်တစ်လုံး မဝယ်ခင် လေ့လာသင့်တဲ့အကြောင်းအရာ ၃ ခု

နိဒါန်း

အိမ်တစ်လုံး၀ယ်တော့မယ်ဆို ရွေးချယ်မှုမှန်ကန်ပြီး အကောင်းဆုံးဖြစ်စေရန် မ၀ယ်ခင်မှာ ဆင်ခြင်သုံးသပ်သင့်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ ဥပမာ – မိမိ၀ယ်မည့်အိမ်သည် မိမိ Life Style (သို့မဟုတ်) မိသားစုနှင့် ကိုက်ညီမှု ရှိမရှိ၊ ၀ယ်မည့်စျေးနှုန်းသည် စျေးကွက်ပေါက်စျေးနှင့် ကိုက်ညီမှု ရှိမရှိ၊ အစရှိတဲ့ အကြောင်းအရာများကို သုံးသပ်ပြီး ဒီအိမ်ကို ၀ယ်သင့်မ၀ယ်သင့်ဆုံးဖြတ်ရပါတယ်။ ဒီလိုဆုံးဖြတ်ချက်များ အမှန်ကန်ဆုံးဖြစ်ဖို့ အတွက် အိမ်တစ်လုံးမ၀ယ်ခင်မှာ လေ့လာသင့်တဲ့ အကြောင်းအရာ ၃ ခု ကို ဒီ Post မှာ ဆွေးနွေးသွားပါမယ်။

မိမိ၀ယ်မည့် အိမ်အကြောင်းကို လေ့လာပါ

ဒီအိမ်က မိမိလိုအပ်ချက် (သို့မဟုတ်) မိသားစုလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမှသာလျှင် အိမ်ကို၀ယ်သင့်ပါတယ်။ ထိုသို့ ကိုက်ညီမှု ရှိမရှိကို သိစေရန်အတွက် အချက် ၂ ချက် ပြင်ဆင်ရန်လိုအပ်ပါတယ်။

ပထမတစ်ချက်သည် မိမိလိုအပ်ချက်တွေက ဘာတွေလဲ၊ ကိုယ်က ဘာလိုချင်လဲဆိုတာကို သေသေချာချာသိထားဖို့ လိုပါတယ်။ ဥပမာ – ကိုယ်၀ယ်ချင်တဲ့ အိမ်ပုံစံမျိုးက ဘယ်လိုပုံမျိုးလဲ အိပ်ခန်း ဘယ်နှစ်ခန်းပါရမလဲ၊ အသင့်တက်နေလို့ရတဲ့ Fully Furnished အိမ်မျိုးလား၊ Swimming Pool တို့ Garden တို့ပါရမလား၊ အစရှိတဲဲ့သင့်အတွက် မရှိမဖြစ် လိုအပ်ချက်များကို ချရေးထားသင့်ပါတယ်။ ထ်ိုမှသာလျှင် သင့်လိုအပ်ချက်များကို သင်ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိလာပြီး အိမ်ရောင်းသူများ (သို့မဟုတ်) အကျိုးဆောင်များ နှင့် တွေ့ပါက ထိုလိုအပ်ချက်များအတိုင်း အိမ်ရှာခိုင်းပါက မိမိလိုချင်တဲ့အိမ်မျိုးကို အချိန်တိုတိုအတွင်းမှာ ရှာနိုင်ပါတယ်။

ဒုတိယအချက်အနေဖြင့် မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့်အိမ်မျိုးကို ရှာတွေ့ပါက ထိုအိမ်၏တည်နေရာ (Location)၊ စျေးနှုန်း (Price)၊ အိမ်တည်ဆောက်ပုံ (Structure)၊ အိမ်တွင်ပါရှိသော အရာများ (Features)၊ အစရှိသည့် အကြောင်းအရာများကို လေ့လာသင့်ပါတယ်။

 

အိမ်၏တည်နေရာ –

Location, Location, Location. အိမ်တစ်လုံး၀ယ်တော့မယ်ဆို အိမ်ရဲ့တည်နေရာက အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အိမ်တစ်လုံးကို အစအဆုံးပြုပြင်ပြောင်းလဲနိုင်သော်လည်း လုံး၀ ပြောင်းလဲလို့မရတဲ့အရာတစ်ခုကတော့ ဒီအိမ်ရဲ့ တည်နေရာပါဘဲ။ အိမ်၏တည်နေရာသည် ဒီအိမ်ရဲ့ စျေးနှုန်းတန်ဖိုး၊ သင်ရွေးချယ်သည့် ရပ်ကွက်လူနေထိုင်မှုပုံစံ၊ သင့် Life Style နှင့် မိသားစုရှေ့ရေး အစရှိတဲ့ အခန်းကဏ္ဍများစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ထို့အပြင် အိမ်၏တည်နေရာအပေါ်မူတည်ပြီး သွားလာရလွယ်ကူသလား ခက်ခဲသလား၊ အရည်အသွေးကောင်းသော ကျောင်း (သို့မဟုတ်) ဆေးရုံ နှင့် နီးသလား ၀ေးသလား၊ အစရှိတဲ့ လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားနိုင်ပါတယ်။ လူတစ်ယောက်နှင့် တစ်ယောက် လိုအပ်ချက်များ မတူသော်လည်း ထိုလိုအပ်ချက်များ နှင့်ကိုက်ညီသော အိမ်တစ်လုံးကိုရှာမည်ဆိုပါက အိမ်၏တည်နေရာသည် အလွန်အရေးပါသော အရာတစ်ခုဖြစ်ပါတယ်။

 

အိမ်၏ စျေးနှုန်းတန်ဖိုး –

အိမ်၀ယ်မည့်သူတိုင်း ကြုံတွေ့ ရသည့် အခက်အခဲသည် မိမိစိတ်၀င်စားသည့် အိမ်၏စျေးနှုန်းသည် မှန်ကန်မှုရှိမရှိကို သုံးသပ်အကဲဖြတ်ရခြင်းဖြစ်သည်။ အိမ်တစ်လုံး၏စျေးနှုန်းကို သိရန်အတွက် ထိုအိမ်၏ အရွယ်အစား၊ အရည်အသွေး၊ ဆောက်လုပ်ပြီးသော ခုနှစ်၊ တည်နေရာ နှင့် အနီးအနားရှိ ထင်ရှားသည့်နေရာများ၊ စျေးကွက်ထဲတွင်ရှိသော အခြားအရောင်းအိမ်များကို လေ့လာသုံးသပ်ရပါတယ်။ မိမိစိတ်၀င်စားသည့် အိမ်၏စျေးနှုန်းသည် မှန်ကန်မှုရှိမရှိကို သိနိုင်ရန်အတွက် မိမိကိုယ်တိုင် ထိုအိမ်ကို သွားရောက်လေ့လာနိုင်သကဲ့သို့ အကျိုးဆောင် တစ်ဦး၏ အကူအညီ၀န်ဆောင်မှုဖြင့် ထိုအိမ်၏တန်ဖိုးကို သိနိုင်ပါတယ်။

 

၀ယ်မည့်အိမ်တွင် ပါ၀င်သော Features များ –

Features ဆိုသည်မှာ ထိုအိမ်ကို ၀ယ်ယူပါက ပါ၀င်လာမည့် အရာများကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာ – တတ်ဆင်ထားသည့် မီတာ၊ ရေကူးကန်၊ ရေပူရေအေး၊ ဓါတ်လှေကား စသောအရာများကို Features များဟု သတ်မှတ်နိုင်သည်။ အိမ်တစ်အိမ်တွင် ပါ၀င်သော Features များကို အပိုင်း ၃ ပိုင်းခွဲ၍လေ့လာနိုင်သည်။

(၁) အခြေခံလိုအပ်ချက်များ (Esstential Features) တွင် အခြေခံကျသောအရာများ ဖြစ်သည့် မီတာ နှင့် လျှပ်စစ်မီးတပ်ဆင်ထားသည့် ပုံစံ၊ ရေပေးစနစ် နှင့် ရေပိုက်လိုင်းတပ်ဆင်ထားသည့် ပုံစံ၊ ကားပါကင်အရည်အတွက် တို့ပါ၀င်သည်။

(၂) အိမ်တွင်းအပြင်အဆင် (Interior Features) တွင် ခင်းထာသည့် ကြမ်းအမျိုးအစား၊ မီးဖိုဆောင်နှင့် ဧည့်ခန်း၏ အပြင်အဆင်၊ ပရိဘောဂများနှင့် Air Con များ တို့ပါ၀င်သည်။

(၃) အခြားပါ၀င်သောအရာများ (Additional Features) တွင် ရေကူးကန်၊ Rooftop Area, Garden, Lift, Gym, အညှော်စုပ်စက်၊ ရေပူရေအေးပေးစက်၊ အစရှိသည့်အရာများ ပါ၀င်သည်။

ထို Features များကို လေ့လာပြီး ဒီအိမ်သည် မိမိလိုအပ်ချက်နှင့်ကိုက်ညီသော အိမ်ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်ပါတယ်။

 

စျေးကွက်ကို လေ့လာပါ

မိမိစိတ်ဝင်စားသောအိမ်သည် မိမိလိုချင်သော Features များ ပါဝင်မယ်၊ Location ကလဲ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဒီအိမ်ကို ဝယ်ဖို့အတွက် အရေးကြီးဆုံး အချက်ဖြစ်တဲ့ အိမ်တန်ဖိုးကို တွက်ချက်သုံးသက်ရပါမယ်။ ကိုယ်ဝယ်မဲ့အိမ်ကို ကျသင့်ကျထိုက်တဲ့ တန်ဖိုးထက် ပိုပေးပြီး မဝယ်မိစေရန်အတွက် အိမ်တည်ရှိသော မြို့နယ် (Local Market) တွင်ရှိသော စျေးကွက် (သို့မဟုတ်) ထိုအိမ်၏ ဘေးပတ်ဝင်းကျင်ရှိ အိမ်အရောင်းများ၏ စျေးနှုန်းကို လေ့လာရန်လိုအပ်ပါတယ်။ Local Market တွင်ရှိသော အိမ်ရောင်းမည့်သူ အရောင်းအရေအတွက် နှင့် အိမ်ဝယ်မည့်သူ အဝယ်အရေအတွက်တို့အပေါ်မူတည်၍ သင်ဝယ်လိုသည့် အိမ်စျေးနှုန်းမှာလဲ အတက်အကျရှိနိုင်ပါတယ်။

 

ရောင်းသူကို အသားပေးသော စျေးကွက် –

မိမိစိတ်ဝင်စားသော Local Market တွင် အရောင်းအရေအတွက် နည်းပြီး ဝယ်လိုသူများပါက ထိုစျေးကွက်ကို ရောင်းသူကို အသားပေးသော စျေးကွက် (Seller’s Market) ဟု အိမ်ခြံမြေပညာရှင်များက သတ်မှတ်ထားကြသည်။ Seller’s Market တွင် ဝယ်လိုအားများသည့်အတွက် အိမ်များ မြန်မြန်ရောင်းထွက်ခြင်းအပြင် အိမ်ရောင်းသူများကလည်း ရောင်းလိုသောအိမ်များ၏စျေးကို တင်၍ရောင်းချနိုင်သည်။

Seller’s Market တွင်

  • အိမ်ဝယ်လိုသူများ မိမိစိတ်ကြိုက်အိမ်ကို ရှာရခက်ခြင်း
  • စျေးကွက်ထဲတွင်ရှိသောအိမ်များဝယ်ယူရန် အခြားဝယ်သူများနှင့် အပြိုင်အဆိုင်ဝယ်ရခြင်း
  • ရောင်းသူဘက်မှ စျေးတင်ရောင်းနိုင်ခြင်း
  • အိမ်များ အရောင်းသွက်ခြင်း

ဝယ်သူကို အသားပေးသော စျေးကွက် –

ထိုနည်းတူ Local Market တွင် အရောင်းအရည်အတွက်များပြီး ဝယ်လိုသူနည်းပါက ထိုစျေးကွက်ကို ဝယ်သူကို အသားပေးသော စျေးကွက် (Buyer’s Market) ဟူ၍သတ်မှတ်နိုင်သည်။ ဤစျေးကွက်မျိုးသည် ဝယ်သူကို အသားပေးသည့်အတွက် ဝယ်သူများအနေဖြင့် ရွေးချယ်မှုများခြင်း၊ စျေးနှုန်းညှိနှိုင်းရာတွင်လည်း ဝယ်သူဘက်မှ အသာစီးရနိုင်သည်။

Buyer’s Market တွင်

  • ဝယ်လိုအားနည်းသည့်အတွက် အိမ်များရောင်းထွက်ရန် ကြန့် ကြာခြင်း
  • ဝယ်သူများအတွက် ရွေးချယ်မှုပိုများခြင်း
  • အခြားဝယ်သူများနှင့် အပြိုင်အဆိုင်နည်းခြင်း
  • မိမိဝယ်လိုသောအိမ်ကို မိမိလိုချင်သောစျေးနှုန်းရသည်အထိ ညှိနှိုင်းနိုင်ခြင်း
  • ရောင်းသူဘက်မှ မိမိအိမ်ရောင်းထွက်နိုင်ရန်အတွက် Marketing ပိုင်းတွင် ပိုမိုအားစိုက်ရခြင်း

မိမိလေ့လာသည့် စျေးကွက်သည် ရောင်းသူကို အသားပေးလား ဝယ်သူကိုအသားပေးလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။

  • မိမိယုံကြည်ရသော အကျိုးဆောင်နှင့် တိုင်ပင်ခြင်း
  • မိမိစိတ်ဝင်စားသောအိမ်သည် စျေးကွက်ထဲတွင် ရောက်နေသော အချိန်ကို မေးခြင်း
  • စျေးကွက်တွင်ရှိသောအိမ်များ၏ စျေးအပြောင်းအလဲကို လေ့လာသုံးသတ်ခြင်း
  • အနီးအနားရှိ အရောင်းများ၏ စျေးနှုန်းကို လေ့လာခြင်း
အကျိူးဆောင်ထံမှ မည်သည့် ၀န်ဆောင်မှုများ ရရှိမည်ကို လေ့လာပါ

အိမ်အရောင်းအဝယ် လုပ်သည့်ဖြစ်စဥ်သည် ဘယ်အဆင့်မှာ ဘာလုပ်ရမှန်းမသိသောကြောင့် စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များရှိတတ်ကြသည်။ ထို့ကြောင့် အိမ်အရောင်းအဝယ်လုပ်ရာတွင် အတွေ့ အကြုံရှိ၍ တတ်ကျွမ်းသော အကျိုးဆောင်နှင့် အတူပူးပေါင်းဆောင်ရွက်ပါက အရောင်းအဝယ်လုပ်သည့် ဖြစ်စဥ်အစအဆုံးသည် ပိုမိုလွယ်ကူလာနိုင်ပါတယ်။

မြန်မာနိုင်ငံအနံ့တွင် အကျိုးဆောင်လိုင်စင်ရှိသော အကျိုးဆောင်များရှိသကဲ့သို့ လိုင်စင်မရှိသော အကျိုးဆောင်များလည်းရှိပါတယ်။ အကျိုးဆောင် တစ်ယောက်နှင့်တစ်ယောက် ပေးသည့် ဝန်ဆောင်မှုများမှာ အနည်းနှင့်အများကွဲခြားမှုများရှိပါသည်။ ထို့ ကြောင့် မိမိနှင့် အတူအလုပ်တွဲလုပ်သော အကျိုးဆောင်သည် မိမိကို ဘယ်လိုကူညီနိုင်မလဲ ဘယ်လို Service မျိုးတွေပေးလဲ ဆိုတာကို လေ့လာသင့်ပါတယ်။ ဝယ်သူကိုကိုယ်စားပြုသော အကျိုးဆောင်များသည် အောက်ပါ ဝန်ဆောင်မှုများပေးသင့်သည်ဟု နိုင်ငံတစ်ကာ အိမ်ခြံမြေပညာရှင်များက ယူဆကြသည်။

  • ပိုင်ဆိုင်မှုခိုင်မာကြောင်း သက်သေအထောက်အထားနှင့် စာရွက်စာတမ်းများစစ်ဆေးခြင်း
  • စာချုပ်နှင့် သက်ဆိုင်သောတာဝန်များထမ်းဆောင်ခြင်း
  • အခွန်နှင့် ပတ်သက်သော ကိစ္စများဆောင်ရွက်ခြင်း
  • မိမိစိတ်ဝင်စားသော အိမ်၏တန်ဖိုးကို သုံးသပ်ပေးခြင်း
  • မိမိဝယ်မည့်အိမ်၏ အပစ်အနာအဆာ အားနည်းချက်အားသာချက်များအား လေ့လာသုံးသပ်ပေးခြင်း
  • အိမ်ပြင်မည်ဆိုပါက ထပ်ဆင့်ကုန်ကျစရိတ်များ တွက်ချက်ပေးခြင်း
  • ဘဏ်ချေးငွေနှင့်သက်ဆိုင်သောကိစ္စများအတွက် ကူညီပေးခြင်း
  • အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှုနှင့် အိမ်ပြုပြင်ပေးသည့် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးခြင်း
  • အရောင်းအဝယ်အတွက် ဈေးညှိနှိုင်းမှုများ ဆောင်ရွက်ပေးခြင်း

အိမ်ဝယ်သူများ တစ်ဦးနှင့်တစ်ဦး၏လိုအပ်ချက်များ မတူညီသကဲ့သို့ အကျိုးဆောင်များ ပေးသည့် ဝန်ဆောင်မှုများသည်လဲ တစ်ဦးနှင့်တစ်ဦး ကွဲပြားမှူများရှိတတ်ကြသည်။ ထို့ ကြောင့် မိမိလိုအပ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှုကို ပေးသောအကျိုးဆောင်နှင့် အတူပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ်ဖို့အတွက် ဈေးညှိပြီးသွားပြီ၊ စာရွက်စာတန်း စစ်ဆေးပြီးသွားပြီဆိုရင်တော့ စရန်ချမဲ့ အဆင့်ကို ရောက်လာပါပြီ။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • အိမ်ခြံမြေရောင်းဝယ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်အရစ်ကို ဘယ်လောက်ပေးရမလဲဆိုတာကို ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူညီချက်ယူပြီး လုပ်ဆောင်ရပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ရန်ကုန်မြို့ထဲမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် ကြုံရများတဲ့ မြေအမျိုးအစားက ၃ ခု ရှိပါတယ်။ ဘိုးဘပိုင်မြေ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေကို တွေ့ရတတ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 81