အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်မြင်စွာဖြစ်မြောက်ဖို့ အတွက် အကျိုးဆောင် ၂ ဦးပါဝင်လေ့ရှိပါတယ်။ ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်နှင့် ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုပြီး ရောင်းသူဝယ်သူတွေရဲ့ အိမ်ခြံမြေလိုအပ်ချက်တွေအတွက် သက်ဆိုင်ရာဝန်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။
အမှန်ပြောရရင်တော့ အရောင်းအဝယ်တစ်ခုလုံးအောင်မြင်စွာဖြစ်မြောက်ဖို့အတွက် အကျိုးဆောင်တွေကို အမှန်တစ်ကယ်လိုအပ်သလားဆိုတော့၊ မလိုပါဘူး။ အကျိုးဆောင်မပါဘဲ အရောင်းအဝယ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်လို့ရပါတယ်။
ဒါဆို အကျိုးဆောင်တွေကို ဘာကြောင့်လိုအပ်သလဲ? မိမိအရောင်းအဝယ်မှာ အကျိုးဆောင်တွေက ဘာတွေကူညီနိုင်သလဲ? ဆိုတာတွေကို အနည်းနဲ့ အများတီးမိခေါက်မိဖို့ လိုပါတယ်။
ဒီ Post မှာတော့ ဝယ်သူဘက်ကနေ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ကို ဘာကြောင့်လိုအပ်သလဲဆိုတာကို ဆွေးနွေးသွားပါမယ်။
ပထမဦးဆုံးအနေနဲ့ ဝယ်သူဘက်မှ သိထားသင့်တဲ့ကိစ္စသည် ဝယ်သူကို ဝန်ဆောင်မှုပေးသောအကျိုးဆောင်သည် ဝယ်သူ၏အကျိုးကိုသာ ဦးစားပေးဆောင်ရွက်သော အကျိုးဆောင်ဖြစ်ရပါမယ်။
အိမ်ရောင်းထွက်ရင် ပီးပြီးရောဆိုတဲ့ အကျိုးဆောင်များနဲ့ အလုပ်မလုပ်သင့်ပါဘူး။ အချို့သော အကျိုးဆောင်များသည် ရောင်းသူရောဝယ်သူပါ နှစ်ဖက်လုံးအတွက် ဝန်ဆောင်မှုပေးပြီး ဝယ်သူအတွက် အကောင်းဆုံးဖြစ်သောအိမ်ကို မရှာပေးဘဲ ရောင်းသူရဲ့အိမ်ရောင်းထွက်ဖို့အတွက်သာ ဦးစားပေးတဲ့ အကျိုးဆောင်မျိုးကို ရှောင်ကြည်သင့်ပါတယ်။ Commission Fees (ပွဲခ) ကိုသာရလိုသော အကျိုးဆောင်ထက် ဝယ်သူရဲ့ အကျိုး (သို့) အိမ်ခြံမြေလိုအပ်ချက်ကို ဦးစားပေးသော အကျိုးဆောင်မျိုးကို ရွေးချယ်သင့်ပါတယ်။
ဝယ်သူများမှာ တစ်ယောက်နှင့်တစ်ယောက် ကွာခြားသော်လည်း ဝယ်သူရဲ့အကျိုးတွေကို အခြေခံအားဖြင့် ၄ ပိုင်းခွဲ၍ လေ့လာနိုင်ပါတယ််။
ဝယ်သူလိုချင်တဲ့ အိမ်ပုံစံမျိုးနှင့် ဘေးပတ်ဝန်းကျင်အနေအထား မျိုးကိုရှာပေးခြင်း-
ဝယ်သူကို ကိုယ်စားပြုသော အကျိုးဆောင်သည် ဝယ်သူရဲ့ လိုအပ်ချက်များကို သေသေချာချာနားလည်ပြီး ဝယ်သူအတွက် အကောင်းဆုံးဖြစ်မဲ့အိမ်ကို ရှားပေးရပါတယ်။ ဥပမာ – ဝယ်သူက မိသားစုအတွက်ဝယ်မှာလား ဒါမှမဟုတ် ရင်းနှီးဖို့အတွက်ဝယ်မှာလား ဆိုတဲ့အပေါ်မှာမူတည်ပြီး ဝယ်သူရဲ့ လိုအပ်ချက်နဲ့ သင့်တော်မဲ့ အိမ်မျိုးကို ရှာပေးဖို့အတွက် ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်မှာ တာဝန်ရှိပါတယ်။
ဝယ်မဲ့အိမ်ရဲ့ အားနည်းချက်တွေကို ထောက်ပြပေးခြင်း –
ဝယ်သူကို ကိုယ်စားပြုသော အကျိုးဆောင်သည် အရောင်းအဝယ်ဖြစ်ဖို့ချည်းပဲ မဟုတ်ဘဲ ဝယ်သူဘက်မှနစ်နာမှုမရှိအောင်နဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ချနိုင်အောင် အကောင်းဆုံးကူညီပေးဖို့ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် မိမိဝယ်မယ့်အိမ်ရဲ့ အားနည်းချက်တွေ၊ ဥပမာ – အိမ်ထဲမှာ ပျက်စီးယိုယွင်းနေတဲ့အရာတွေ၊ စာရွက်စာတမ်းမှာ ရှိတဲ့ အားနည်းချက်တွေ၊ တခြားအပစ်အနာအဆာတွေကို ပွင့်လင်းရိုးသားစွာ ထောက်ပြနိုင်တဲ့ အကျိုးဆောင်ကို ရွေးသင့်ပါတယ်။
ဝယ်မယ့်အိမ်ရဲ့ ဈေးနှုန်းမှန်ကန်မှုရှိမရှိ စစ်ဆေးပေးခြင်း –
ဝယ်သူကို ကိုယ်စားပြုသော အကျိုးဆောင်သည် ဈေးကွက်အနေအထားကို နားလည်ပြီး မိမိဝယ်မည့် အိမ်ရဲ့တန်ဖိုးကို သုံးသပ်နိုင်တဲ့ အကျိုးဆောင်ဖြစ်ရပါမယ်။ Comparative Market Analysis ဟုခေါ်သော ဈေးကွက်အတွင်းရှိ ဆင်တူအိမ်များရဲ့ ဈေးနှုန်းများကို နှိုင်ယှဥ်သုံးသတ်ပြီး မိမိဝယ်မဲ့ အိမ်ရဲ့ ဈေးမှန်ကန်မှုရှိမရှိကို စစ်ဆေးပေးဖို့သည် ဝယ်သူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်မှာ တာဝန်ရှိပါတယ်။
စာရွက်စာတန်းကိစ္စရပ်များအတွက် ကူညီပေးခြင်း –
စာရွက်စာတန်းများသည် အိမ်ခြံမြေအရောင်းအဝယ်ဖြစ်စဥ်များတွက် အရေးကြီးဆုံးဖြစ်ပြီး အရှုတ်ထွေးဆုံးအရာတစ်ခုလည်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှုခိုင်မာကြောင်းသက်သေပြသည့် စာရွက်စာတန်းများ၊ အရောင်းအဝယ်အတွက် စာချုပ်များ၊ အခွန်နှင့် ပက်သက်သောစာရွက်စာတန်းများ အလွဲအမှားမရှိစေရန်အတွက် အကျိုးဆောင်မှ ဝယ်သူကို ဝန်ဆောင်မှုပေးရန်လိုအပ်ပါတယ်။
မိမိလိုချင်တဲ့အိမ်ကို အချိန်တိုတိုအတွင်းမှာရှာနိုင်ခြင်း –
ဝယ်သူတစ်ယောက်အနေနဲ့ အိမ်ရှာတဲ့အခါ အခက်အခဲတွေရှိတတ်ပါတယ်။ ဥပမာ – အိမ်ခြံမြေ website များစွာကို လိုက်ကြည့်ရမယ်၊ Facebook group တွေမှာ ကြော်ငြာတွေရှိလားဆိုတာကို အချိန်နဲ့ တစ်ပြေးညီ သိနေရမယ်၊ အိမ်ရောင်းချင်တဲ့သူတွေနဲ့ ချိတ်ဆက်ရမယ်၊ အစရှိတဲ့ အခက်အခဲတွေရှိတတ်ပါတယ်။ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ သူ့ ဘက်ကနေ ဝယ်သူရဲ့ အိမ်ခြံမြလိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အိမ်မျိုးကို စီစစ်ရွေးချယ်ပြီး ပြပေးတဲ့အတွက် အိမ်များစွာထဲကမှ ကိုယ်နဲ့ အကိုက်ညီဆုံးအိမ်ကို မြန်မြန်ရှာတွေ့ နိုင်ပါတယ်။
အထက်ပါဖေါ်ပြထားတဲ့ အချက် ၅ ချက်သည် အိမ်ဝယ်သူများအတွက် လိုအပ်သော အခြေခံလိုအပ်ချက်များဖြစ်ပါတယ်။ ထိုလိုအပ်ချက်များကို ဝယ်သူကိုကိုယ်စားပြုသော အကျိုးဆောင်မှ တာဝန်ယူဖြေရှင်းပေးတဲ့အတွက် အိမ်ဝယ်လိုသူတစ်ယောက်အနေနဲ့ ဝယ်သူအကျိုးကို ဦးစားပေးတဲ့ အကျိုးဆောင်နဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
/
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…