Zayyan

🔵 April 2024 အတွက် မြောက်ဒဂုံ အိမ်ခြံမြေ ဈေးကွက် သုံးသပ်ချက်

👉 ၂၀၂၄ ရဲ့ ၃-၄ လ အတွင်း ဖြစ်ပျက်ခဲ့သော မြောက်ဒဂုံ အိမ်ခြံမြေ ဈေးကွက် အခြေအနေ

2024 ခုနှစ်ရဲ့ First Quarter (ပထမဆုံး ၃ လ) မှာ မြောက်ဒဂုံအိမ်ခြံမြေ ဈေးကွက်ရဲ့ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ကို သုံးသပ်ပေးပါမယ်။

ရောင်းလိုအားအနေနဲ့ကတော့ အရောင်းအသစ်တွေ တော်တော်များများထွက်လာတာကို တွေ့ရပါတယ်။ ဇေယံ ကြော်ငြာပို့စ်တွေကို မြင်ပြီး အရောင်းလာအပ်တာများသလို ဇေယံနဲ့ ချိတ်ဆက်ထားတဲ့ အကျိုးဆောင်တွေမှာလဲ အရောင်းအသစ်တွေ လစဥ်လစဥ် ပိုပိုပြီးများလာတာကို တွေ့ရပါတယ်။

ပုံ – ၁ (မြောက်ဒဂုံမြို့နယ်အတွင်း ရောင်းရန်ရှိသော အိမ်ခြံမြေများ)

ပုံ – ၁ မှာ မြင်ရတဲ့ အတိုင်း မြောက်ဒဂုံအိမ်ခြံမြေ ဈေးကွက်ထဲမှာ ရောင်းဖို့ ရှိနေတဲ့ မြေကွက် (အစိမ်းရောင်) က ဈေးကွက်ရဲ့ ၅၁ ရာခိုင်နှုန်းဖြစ်ပြီး လုံးချင်း (ခရမ်းရောင်) က ၄၇ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြောက်ဒဂုံထဲမှာ မြေကွက်ရဲ့ အရောင်းအရည်အတွက်က အနည်းငယ်ပိုပြီးများနေပါတယ်။

ဈေးကို ကြည့်မယ်ဆိုရင်လည်း ဒီ ၃-၄ လ အတွင်းမှာတော့ မြောက်ဒဂုံ အိမ်ခြံမြေရဲ့ ဈေးက တစ်ရိပ်ရိပ်တက်နေခဲ့ပါတယ်။ အမြန်ဆုံးရောင်းချင်တဲ့သူတွေကတော့ ဈေးကို အနည်းငယ် ချရောင်းတဲ့ အဝယ်ရှိသလို တစ်လပြီး တစ်လ သိန်း ၃၀၀ ကနေ ၅၀၀ အထိ ဈေးကို ဖြည်းဖြည်းချင်း တင်ရောင်းတဲ့ အရောင်းတွေလဲ ရှိပါတယ်။ ဒီ ၂၀၂၄ အတွင်းမှာ မြောက်ဒဂုံ အိမ်ခြံမြေဈေးက ၂၀၂၃ တုန်းကလို အရမ်းကြီး ထိုးတက်တာမျိုးမဟုတ်ဘဲ တစ်ဖြည်းဖြည်းနဲ့ တိုးတိုးလာတာ တွေ့ရပါတယ်။ ဒီ ၂၀၂၄ ထဲမှာတော့ မြောက်ဒဂုံရဲ့ အိမ်ခြံမြေဈေးက အတက်ဘက်ကိုဘဲ ဦးတည်နေတုန်းဘဲလို့ သုံးသပ်လို့ ရပါတယ်။ ဈေးချပြီး ရောင်းနေတဲ့ အရောင်းတွေ ရှိသော်လည်း ဈေးတင်ပြီး ရောင်းနေတဲ့ သူတွေက ပိုပြီးများနေတာကြောင့် လောလောဆယ်အနေအထားမှာ ဈေးတွေက တစ်ဖြည်းဖြည်း တက်နေမယ်လို့ ဇေယံအိမ်ခြံမြေက ကောက်ချက်ချပါတယ်။

ပုံ – ၂ မှာ ဖေါ်ပြထားတဲ့ ဈေးတန်းအရဆိုရင် ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းက သိန်း ၃၀၀၀ ကနေ ၉၀၀၀ အတွင်းဖြစ်တာကြောင့် ရွေးချယ်မှုများများ လိုချင်တယ်ဆိုရင်တော့ ဒီ ဈေးတန်းကို မှန်းပြီး ရှာတာက ပိုပြီးအဆင်ပြေပါတယ်။ သိန်း ၃၀၀၀ အောက်ကို ရှာချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်မကောင်းတာတို့ စာရွက်စာတန်းမကောင်းတာတို့နဲ့ ကြုံရနိုင်ချေရှိလို့ သိန်း ၃၀၀၀ နဲ့ ဝယ်ချင်ရင် အရှေ့ဒဂုံတို့ တောင် ဒဂုံတို့မှာ ရပ်ကွက်သန့် စာရွက်စာတန်းကောင်းတာတွေကို ရနိုင်ပါတယ်။

ပုံ – ၂ (မြောက်ဒဂုံအတွင်း ရောင်းရန်ရှိသော အိမ်ခြံမြေများရဲ့ ဈေးတန်းများ)

ဝယ်လိုအားအနေနဲ့ကတော့ ဒီ ၃-၄ လ အတွင်းမှာ လုံးချင်းနဲ့ မြေကွက် ယှဉ်မယ်ဆိုရင် မြေကွက်က ဝယ်လက်တွေပိုစိတ်ဝင်စားပြီး အရောင်း အဝယ်အဖြစ်များတာကလဲ မြေကွက်တွေ ဖြစ်ပါတယ်။ မြေကွက်တွေက မိသားစုနေမဲ့ သူရော ဝယ်ရောင်းလုပ်ချင်တဲ့သူတွေရော ဆောက်ရောင်းလုပ်ချင်တဲ့ သူတွေရောပါ ဝယ်ချင်ကြတဲ့ အတွက် လုံးချင်းနဲ့ ယှဉ်မယ်ဆိုရင် မြေကွက်က အဝယ်ပိုလိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ လုံးချင်းတွေကိုလည်း အဝယ်တော်တော်များများက စိတ်ဝင်စားတာကိုလဲ တွေ့ရပါတယ်။ လုံးချင်းလိုချင်တဲ့ အဝယ်အများစုက ဘဏ်ချိတ်နဲ့ ဝယ်ချင်ကြတာများတဲ့ အတွက် အိမ်ကောင်းတယ်၊ ဘဏ်ချိတ်ရတယ်ဆိုရင်၊ အဲဒီအိမ်က ရောင်းထွက်တာမြန်ပါတယ်။

👉 မြောက်ဒဂုံမြို့နယ်ရဲ့ အားသာချက် အားနည်းချက်များ

ရန်ကုန်တိုင်းရဲ့ မြို့နယ်တွေကို ပြန်လည်သုံးသပ်မယ်ဆိုရင် မြောက်ဒဂုံက အရောင်းအဝယ်လုပ်လို့ကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ အခုလို အရောင်းအဝယ်လုပ်လို့ ကောင်းရတဲ့ အကြောင်းအရင်း ၂ ခု ရှိပါတယ်။ ပထမ အကြောင်းအရင်းကတော့ မြောက်ဒဂုံမြို့နယ်က အခြားမြို့နယ်ထက်စာရင် ဂရန်မြေ ပိုများပါတယ်။ ဥပမာ – အင်းစိန်တို့ မရမ်းကုန်းတို့ လှိုင်တို့မှာ ဘိုးဘပိုင်မြေနဲ့ အရပ်စာချုပ်တွေ ပိုများပါတယ်။ မြောက်ဒဂုံတို့ တောင်ဥက္ကလာတို့ ရန်ကင်းတို့မှာ ဆိုရင်တော့ ဂရန်မြေတွေ ပိုပြီးများတာကို တွေ့ရပါတယ်။ ဂရန်မြေတွေက အရောင်းအဝယ်ပိုင်းမှာ ပိုပြီး စိတ်ချရတယ်၊ ဘဏ်တွေကလဲ ဂရန်မြေတွေကို လက်ခံတာကြောင့် ဂရန်မြေတွေက အဝယ်ပိုလိုက်တဲ့ မြေအမျိုးအစားတစ်ခုဖြစ်ပါတယ်။

ဒုတိယ အကြောင်းအရင်းကတော့ မြောက်ဒဂုံရဲ့ ပေါက်ဈေးပါ။ အခြားမြို့နယ်တွေနဲ့ ယှဉ်မယ်ဆိုရင် မြောက်ဒဂုံရဲ့ ပေါက်ဈေးက အလယ်အလတ်လောက်မှာ ရှိပါတယ်။ ဈေးကြီးတဲ့ မြို့နယ်တွေကတော့ ဗဟန်း ရန်ကင်း တောင်ဥက္ကလာတို့ ဖြစ်ပြီး မြောက်ဒဂုံထက် ဈေးနည်းတဲ့ မြို့နယ်တွေကတော့ အရှေ့ဒဂုံ၊ တောင်ဒဂုံ မြို့နယ်တို့ ဖြစ်ပါတယ်။ ဥပမာ – တောင်ဥက္ကလာမှာ ပေ ၄၀-၆၀ မြေကွက်တစ်ကွက်ရဲ့ ကြမ်းခင်းဈေးက သိန်း ၈၀၀၀ ဝန်းကျင်မှာ ရှိနေပြီး မြောက်ဒဂုံမှာက သိန်း ၅၀၀၀-၆၀၀၀ ဝန်းကျင် မှာ ဈေးခေါ်နေကြပါတယ်။ အရှေ့ဒဂုံနဲ့ တောင် ဒဂုံမှာတော့ ပေ ၄၀-၆၀ မြေကွက်က သိန်း ၃၀၀၀-၄၀၀၀ ဝန်းကျင်မှာ ဈေးခေါ်နေကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြောက်ဒဂုံရဲ့ ဈေးတန်း အနေအထားက အလယ်အလတ်မှာ ရှိနေတာကို တွေ့ရပါတယ်။

မြောက်ဒဂုံမြို့ရဲ့ အားနည်းချက်ကတော့ မြို့ထဲကိုသွားဖို့လာဖို့အတွက်တော့ လမ်းမသာပါဘူး။ တာမွေ၊ ကျောက်မြောင်း၊ ဗိုလ်တစ်ထောင်၊ စမ်းချောင်း အစရှိတဲ့ မြို့တွေမှာ အလုပ်လုပ်တဲ့ သူတွေအတွက်ဆိုရင် မြောက်ဒဂုံကလမ်းကြောင်း မသင့်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

👉 ပိုင်ဆိုင်မှု စာရွက်စာတန်း အခြေအနေ

အထက်မှာ ရေးသားထားသလို မြောက်ဒဂုံ ဈေးကွက်ထဲမှာ ရှိနေတဲ့ အရောင်း အရည်အတွက်မှာ ဂရန်မြေက ပိုပြီး များနေတာကြောင့် ဘဏ်ချိတ်နဲ့ ဝယ်လိုသူတွေ၊ ဂရန်အမည်ပေါက် (သို့) SP ကို လိုချင်တဲ့ သူတွေအတွက် ရွေးချယ်စရာပိုများတဲ့ အနေအထားမှာ ရှိနေပါတယ်။

ပုံ – ၃ (မြောက်ဒဂုံ ဈေးကွက်အတွင်း ရှိသော အိမ်ခြံမြေများရဲ့ စာရွက်စာတန်းအခြေအနေ)

ပုံ – ၃ မှာ မြင်ရတဲ့အတိုင်း မြောက်ဒဂုံမှာ ဂရန်အမည်ပေါက်နဲ့ ဂရန် SP တို့က ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ဂရန်မြေတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကျန်တာတွေကတော့ ပါမစ်တို့ ဂရန်ဂတုံးတို့ မိတ္တူတို့ ဖြစ်ပါတယ်။ ဒါက ဘာကို ပြသလဲ ဆိုတော့ ဝယ်သူတွေ အနေနဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေမျိုးကို ရှာဝယ်တဲ့ အခါ မြောက်ဒဂုံ ဈေးကွက်က ရွေးချယ်မှု ပိုများတဲ့ ဈေးကွက် တစ်ခု ဖြစ်လာပါတယ်။

👉 ၂၀၂၄ မြောက်ဒဂုံ ကာလပေါက်ဈေး

ပုံ – ၄ (မြောက်ဒဂုံ မြေကွက်ဈေး ပြောင်းလဲလာပုံ)

ပုံ – ၄ မှာ မြင်ရတဲ့ အတိုင်း မြေဈေးက တစ်ဖြည်းဖြည်းနဲ့ နည်းနည်းစီ တက်လာတာကို တွေ့ရပါတယ်။ အရောင်းတွေက တစ်လနဲ့ တစ်လကို သိန်း ၂၀၀-၃၀၀ ဈေးတင်ပြီး ခေါ်နေကြပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်က သိန်း ၄၅၀၀ နဲ့ ခေါ်ထားတဲ့ ခြံတွေက အခု April လ ပိုင်းမှာ သိန်း ၅၆၀၀ လောက်ကို ဈေးတက်လာပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကလည်း အနီးအနားက ခြံတွေက ဈေးတင်ခေါ်တာကို သိပြီဆိုရင် ရောင်းသူတွေ တော်တော်များများက ဈေးလိုက်တက်တာ များပါတယ်။

အခုလက်ရှိအနေအထားမှာ မြောက်ဒဂုံရဲ့ ပေ ၄၀-၆၀ ရဲ့ ကြမ်းခင်းဈေးက သိန်း ၅၀၀၀ လောက်ကနေ စပါတယ်။ သိန်း ၄၀၀၀ ဝန်းကျင်နဲ့ ၄၀-၆၀ မြေကွက်တွေကို ရှာလို့ ရတဲ့ အနေအထားမှာ ရှိနေသော်လည်း ၄၀၀၀ နဲ့ ဆိုရင် နေရာမကောင်း ပတ်ဝန်းကျင်မသန့် စာရွက်စာတန်း မကောင်းတာတွေဘဲ ရမဲ့ သဘောမှာ ရှိပါတယ်။ နေရာကောင်း ဂရန်အမည်ပေါက်ကို ရှာနေတယ်ဆိုရင်တော့ မြေကွက်သီးသန့်တစ်ကွက်ကို သိန်း ၅၀၀၀ လောက် မှန်းထားတာ ပိုသင့်တော်ပါတယ်။

ပုံ – ၅ (မြောက်ဒဂုံ မြေကွက် ကာလပေါက်ဈေးများ)

မြောက်ဒဂုံမှာ လမ်းမတန်းတွေရဲ့ ပေါက်ဈေးကတော့ အမျိုးမျိုးရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေများတဲ့ လမ်းမကြီးတွေဖြစ်တဲ့ ပင်လုံလမ်းမကြီးတို့ ဗထူလမ်းမကြီးတို့တောင် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ ပင်လုံလမ်းမေးတင်တဲ့ မြေကွက်တစ်ကွက်က သိန်း ၂၀၀၀၀ နှင့် အထက်မှာ ရှိနေပြီး ဗထူးမှာဆိုရင်တော့ ပေ ၄၀-၆၀ မြေကွက်က သိန်း ၁၅၀၀၀ ဝန်းကျင်မှာ ခေါ်နေကြပါတယ်။ တပင်ရွှေထီးလမ်းတို့၊ ဘုရင်နောင်/ ကျောင်းလမ်းတို့မှာတော့ သိန်း ၁၂၀၀၀ နဲ့ သိန်း ၁၅၀၀၀ တို့ကြားမှာ ပေါက်နေပါတယ်။

ရပ်ကွက်တွင်းပေါက်ဈေးကတော့ သိန်း ၅၅၀၀ နဲ့ ၆၀၀၀ ကြားကို မှန်းလို့ ရပါတယ်။ ၆၀၀၀ လောက်ကို မှန်းထားမှဘဲ စာရွက်စာတန်းကောင်းတဲ့ မြေမျိုး၊ ပတ်ဝန်းကျင် သန့်ပြီး လမ်းမတန်းနဲ့ နီးတဲ့ မြေမျိုးကို ရမှာ ဖြစ်ပါတယ်။ ပေ ၄၀-၆၀ ကို သိန်း ၄၅၀၀ လောက်ဘဲ သုံးမယ်ဆိုရင်တော့ ရပ်ကွက်အတွင်းပိုင်းကျတဲ့ နေရာမျိုးမှာ ရနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံ့ဖို့ ဆိုရင်တော့ လမ်းမတန်းနဲ့ နီးပြီး မိမိအမည်ပေါက်ကို ပြန်ဖေါက်လို့ လွယ်တယ် မြန်တယ်ဆိုတဲ့ မြေမျိုးကို ရှာဝယ်ဖို့ အားပေးပါတယ်။ မိသားစုနေဖို့ ဆိုရင်တော့ ရပ်ကွက်သန့်လမ်းကျယ်ပြီး ရပ်ကွက် အတွင်းပိုင်းကို အနည်းငယ်ဘဲ ဝင်ရတဲ့ မြေမျိုးကို အကြံပြုချင်ပါတယ်။

👉 မြောက်ဒဂုံ မြို့နယ်ထဲက ဈေးအကြီးဆုံး ရပ်ကွက်များ

မြောက်ဒဂုံမှာ ဈေးအကြီးဆုံး ရပ်ကွက်တွေက ၃၀ ကျော်ရပ်ကွက်တွေဖြစ်ပါတယ်။ အဓိကက မြို့ထဲကို သွားလာရလွယ်ကူတယ် ရပ်ကွက်က VIP ရပ်ကွက်ဆန်တယ် သန့်တယ်ဆိုရင် ဈေးပိုခေါ်ကြပါတယ်။ မြောက်ဒဂုံမြို့နဲ့ အဓိကမိန်းလမ်းမကြီးဖြစ်တဲ့ ပင်လုံလမ်း နဲ့ ဆရာစံလမ်းတွေနဲ့ နီးတဲ့ ရပ်ကွက်တွေဆိုရင် ဈေးကောင်းရနိုင်ပါတယ်။ ဥပမာ ၃၄ ရပ်ကွက်နဲ့ ၃၀ ရပ်ကွက်တို့က စီးပွားရေးလုပ်ငန်းများနဲ့ ဖွံ့ဖြိုးနေတဲ့ ပင်လုံလမ်းမကြီးကို မေးတင်တဲ့ ရပ်ကွက်တွေ ဖြစ်တာကြောင့် ဗထူးလမ်းမနဲ့ နီးတဲ့ ၄၀ ကျော်ရပ်ကွက်တွေထက်ကို ဈေးပိုများနေပါတယ်။ ပင်လုံလမ်းမေးတင်မဟုတ်ဘဲ ရပ်ကွက်က VIP ဆန်တယ်ဆိုရင်လဲ ဈေးကောင်းရနိုင်ပါတယ်။ ဥပမာ – ၂၇ တို့ ၂၈ တို့က ဆရာစံလမ်းနဲ့ နီးပြီး ရပ်ကွက်သန့် တာကြောင့် ဒီ ရပ်ကွက်တွေကလဲ မြောက်ဒဂုံမြို့ရဲ့ ဈေးအကြီးဆုံး ရပ်ကွက်တွေမှာ ပါပါတယ်။

ပုံ – ၆ (မြောက်ဒဂုံ မြို့နယ်ထဲက ဈေးအကြီးဆုံး ရပ်ကွက်များရဲ့ ပေ ၄၀-၆၀ ပေါက်ဈေးများ)

ဒီပုံမှာ ပြထားတဲ့ အတိုင်း မြောက်ဒဂုံ ၂၇ ရပ်ကွက် နဲ့ ၃၄ ရပ်ကွက် တွေက ဈေးအကြီးဆုံးရပ်ကွက်များ ဖြစ်ပါတယ်။ ၂၇ (သို့) ၃၄ ရပ်ကွက်တစ်ခုလုံးက အိမ်ရာဝန်း ပုံစံမျိုးနဲ့ ပေ ၄၀-၆၀ ခြံများသာ ရှိတဲ့ အတွက် ဒီရပ်ကွက်က Privacy ကောင်းကောင်းနဲ့ ရပ်ကွက် သန့်သန့် ကို ရှာနေသူများ ထည့်သွင်းစဥ်းစားသင့်တဲ့ ရပ်ကွက်တွေ ဖြစ်ပါတယ်။ ဒီလို ပင်လုံလမ်းနဲ့ နီးတယ် VIP ရပ်ကွက်တွေမှာ နေချင်တယ်.. သို့သော် ပေ ၄၀-၆၀ မြေကွက်တစ်ကွက်ကို သိန်း ၈၀၀၀ လောက် မသုံးချင်ဘူးဆိုရင် ၂၇ တို့ ၃၄ တို့ နဲ့ ပုံစံတူပြီး ဈေးသက်သာတဲ့ ရပ်ကွက်ကတော့ ၂၈ ရပ်ကွက်ဖြစ်ပါတယ်။ ၂၈ ရပ်ကွက်မှာတော့ သိန်း ၆၀၀၀ – ၇၀၀၀ လောက်ဆိုရင် Location ကောင်းပြီး ပိုင်ဆိုင်မှုခိုင်မာတဲ့ ဂရန်အမည်ပေါက်ကို ရနိုင်ပါတယ်။

👉 မြောက်ဒဂုံ မြို့နယ်ထဲက ဈေးအနည်းဆုံး ရပ်ကွက်များ

မြောက်ဒဂုံမှာ သိန်း ၂၀၀၀ – ၃၀၀၀ ဝန်းကျင်နဲ့ ပေ ၄၀-၆၀ ရဖို့ ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။ အရှေ့ဒဂုံတို့ တောင်ဒဂုံတို့မှာ တော့ ဖြစ်နိုင်ချေရှိပါတယ်။ မြောက်ဒဂုံမြို့နယ်ရဲ့ ဈေးအနည်းဆုံးဖြစ်တဲ့ ၄၉ ရပ်ကွက် ၅၀ နဲ့ ၅၁ ရပ်ကွက်တို့မှာတောင် ကြမ်းခင်းဈေးက ၃၅၀၀ နဲ့ စခေါ်နေကြပါတယ်။ ဒီ ၄၉ ၅၀ ၅၁ ရပ်ကွက်တို့ရဲ့ လမ်းမတန်းတွေက ဖွံ့ဖြိုးတိုးတက်မှု နည်းသလို ရပ်ကွက်တွင်းမှာလည်း အိမ်ကြီးအိမ်ကောင်းတွေ မတွေ့ရပါဘူး။ လမ်းအများစုကလည်း မိုးကြီးရင် ရေဝပ်တာတွေ ရှိသလို အစိုးရက လမ်းခင်းတာတွေ သိပ်မရှိသေးပါဘူး။ ဒါကြောင့် ဒီ ရပ်ကွက်တွေမှာ သိန်း ၃၅၀၀ လောက်နဲ့ ပေ ၄၀-၆၀ ရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ပုံ – ၇ (မြောက်ဒဂုံမြို့နယ်ရဲ့ ဈေးအနည်းဆုံး ရပ်ကွက်များရဲ့ ပေ ၄၀-၆၀ မြေကွက် ဈေးနှုန်းများ)

ပုံ – ၇ မှာ မြင်ရတဲ့ အတိုင်း ၅၀ နဲ့ ၄၉ ရပ်ကွက်တွေက ၃၅၀၀ ဝန်းကျင်မှာ ဖြစ်နေပြီး ၄၆ နဲ့ ၄၇ ရပ်ကွက်တွေမှာ သိန်း ၄၀၀၀ စွန်းစွန်းနဲ့ ပေ ၄၀-၆၀ မြေကွက်တွေ ရှိပါတယ်။ ၄၀ နဲ့ ၃၈ ရပ်ကွက်တွေမှာ တော့ ၅၅၀၀ ဝန်းကျင်လောက် ဖြစ်သွားတဲ့အတွက် မြောက်ဒဂုံရဲ့ ၂၀၂၄ ခုနှစ် April လ ရဲ့ ပေါက်ဈေးနဲ့ ကိုက်ညီနေပါတယ်။

ဈေးနည်းတဲ့ မြေကွက်တွေကို ဝယ်ယူတဲ့ အခါ သတိမူသင့်တဲ့ အချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က စာရွက်စာတန်းပါ.. ဈေးတန်တဲ့ မြေတော်တော်များများက စာရွက်စာတန်းပိုင်းမှာ ပြသနာ တစ်ခုခု တက်နေတတ်ပါတယ်။ ဂရန် ဂတုံးလား၊ မိတ္တူလား..ပါမစ်လား ဆိုတာကို သိတတ်နားလည်တဲ့ အကျိုးဆောင် နဲ့ သို့မဟုတ် ရှေ့နေနဲ့ စီစစ်ပြီး ဝယ်ယူသင့်ပါတယ်။ နောက်တစ်ချက်ကတော့ မြေကွက်ရဲ့ ဘေးပတ်ဝန်းကျင်ပါ။ မြေကွက်ကို သဘောကျလို့ ဝယ်ချင်တယ်ဆိုရင် ဘေးပတ်ပတ်လည်မှာ ဘာတွေရှိလဲ ညဘက်တွေဆိုရင် အနေအထားဘယ်လိုလဲ ဆိုတာက သေချာလေ့လာ သုံးသပ်ပြီးမှာ ဝယ်ယူသင့်ပါတယ်

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 18